ဒေါ်လေးသဒ္ဓါရေ အကြောင်းအရာ ပေါ်လာလို့ စာပြန်ရေးလိုက်ရပြန်ပါပြီ ။ ဒေါ်လေးသဒ္ဓါ ရဲ့ အမှန်ရှာစေ အိုချစ်ဆွေတို့ ၊ သူငယ်ချင်းရေ… မင်းနားကိုက်ခံရမှာ စိုးသောကြောင့် နဲ့ သက်ရောက်မှု့တိုင်းမှာတူညီသော တန်ပြန်အားရှိတယ် … ဆိုတဲ့ စာစု ( ကဗျာလို့ တူမောင် မသတ်မှတ်နိုင်တာ အားနာပါတယ် ၊ ပေးစာ ၁ မှာ ရှင်းပြပြီးပါပြီ ဒေါ်လေးရေ ) သုံးခုကို စာပြန်လိုက်ပါတယ်ဗျာ ။ ဒေါ်လေးရဲ့ Wisdom နဲ့ Skill အရ စကားလုံးသိပ်ကြီးကြီး သုံးလို့မရဘူးဆိုတာ တူမောင်သိပါတယ် ။ ဒါပေမယ့်ဒေါ်လေးရယ် ဒေါ်လေးလည်း ဗဟုသုတရအောင် တူမောင် နည်းနည်းတော့ ထည့်ရေးပါရစေဗျာ ။
ချစ်သော..ကဗျာ...
တတ်..၍ရေးခြင်းမဟုတ်ပါ။
ငတ်..၍လည်းရေးခြင်းမဟုတ်ပါ။
မရေးရလျှင်.မနေနိုင်၍ ရေးပါသည်။ အသဲနှလုံးမှယိုစီး..ခံစားပြီး လက်ချောင်းများမှ.. အလိုအလျောက် ရေးသွားကြပါသည်။လွတ်လပ်စွာဝေဖန်ပါ။ ဆန္ဒပြုပါ။ ကျေးဇူးတင်ပါသည်။. ဆိုတာက ဒေါ်လေးရဲ့ ဖိတ်ခေါ်ချက်ပေါ့ ။ အဲဒီတော့ကာ ဒေါ်လေးရေးတဲ့ ကဗျာဆိုတာလေးကို တစ်ခါပြန်သုံးသပ်ပါရစေဦးဗျာ ။
ကဗျာဆိုတာက မူလပါဠိ ပုဒ်ရင်း ကဝိကနေ ဆင်းသက်လာပါတယ် ။ အဓိပ္ပါယ်ကတော့ ပညာရှိ၏ ဥစ္စာဖြစ်သော သီချင်း လို့ရပါတယ် ။ နောက်ပြီး တရုတ်ကဗျာ ဆရာကြီး အိုက်ချင့် ကလည်း ကဗျာကို အဓိပ္ပါယ် ဖွင့်ဆိုထားပါသေးတယ် ခင်ဗျာ ။ နောက်မြန်မာပြည်က တေးရေး ကဗျာဆရာ ဆရာသုခမိန်လှိုင် ကလည်း ကဗျာဆိုတာကို ကဗျာရေးထားတာဖတ်ဖူးပါတယ် ။ အဲဒီကဗျာက ဝဏ္ဏ ၂လုံးပဲပါပါတယ် ။ အတော်ကိုကောင်းပါတယ် ။ အဲလိုအချက်အလက်နည်းနည်းလေးနဲ့တင် ဒေါ်လေးရဲ့ စာစုတွေကို တူမောင် ကဗျာလို့မသတ်မှတ်နိုင်တာ စိတ်မကောင်းပါဘူးဒေါ်လေးရေ ... ။
ဒေါ်လေးက OppositeEye ရဲ့ မိခင်နဲ့ သူငယ်ချင်းဆိုတော့ကာ မှန်းချေ အသက် ၄၀ ကျော်ပေါ့ဗျာ ။ ဟုတ်ကဲ့ လူ့ပြည်မှာ နောက်ထပ် နေရလှ ၁၅ နှစ်ထက် မသေချာဘူးပေါ့ဒေါ်လေးရယ် ။ ခက်တာက ဒေါ်လေးရေးတဲ့ ကဗျာဆိုတာကြီးကို ဒေါ်လေးနာမည်အုပ်ပြီး ၁၀တန်းအောင်တဲ့ လူကိုပြရင်တောင် ဒေါ်လေး မူလတန်း ပြန်ရောက်သွားမှာ သေချာတယ်ဗျ ။ ထားပါတော့ ဒေါ်လေးရယ် ။ ဒေါ်လေး နာမည်ရယ် ဒေါ်လေးရေးထားတဲ့ စာစုထဲက ကာလမ သုတ္တန် ကျမ်းကိုးရယ်အရ ဘာသာရေးကို ဒေါ်လေးလည်း အတော်လေး လေ့လာခဲ့ပုံရပါတယ် ။ ဒေါ်လေးတို့ အသက်အရွယ် အရဆိုရင်လည်း အတော်လေးသိသင့်နေပါပြီ ။ တူမောင်တော့ ဒေါ်လေးနာမည်နဲ့တင် သဒ္ဓါတရား ဆိုတာလေး ပြောရဦးမယ်ဗျာ ။ ဒေါ်လေးသိပြီးသား ဖြစ်ရင်လည်းဖြစ်မှာပေါ့ ။ တူမောင်တော့ ပြောပြချင်စိတ်လေး ဖြစ်လာလို့ရယ်ပါ ။ ဒေါ်လေး နာမည်အဓိပ္ပါယ်နဲ့ ဒေါ်လေးရဲ့ လုပ်ဆောင်ချက်တွေက လွဲနေသလားလို့ ။ သက်ငယ်စကားကို သက်ကြီးပြန် ကြား တာပေါ့ဒေါ်လေးရယ် ။
ဘာသာဝါဒတိုင်းဟာ ယုံကြည်မှု(မျက်စိမှိတ်ယုံကြည်မှု)ပေါ်မှာ အခြေခံကြပါတယ်။ တခြားဘာသာဝင်တွေ နားလည်ကြတဲ့ သက်ဝင်မှု၊ ယုံကြည်မှု့တွေဟာ ဗုဒ္ဓ၀ါဒနှင့် တော့ပတ်သက်ခြင်းမရှိပါဘူး။ ဒါပေမယ့် လည်းဒေါ်လေးရယ် ဗုဒ္ဓ၀ါဒစာပေတွေမှာ တွေ့ရတဲ့ သဒ္ဓါဆိုတဲ့ စကားလုံးကို အများအား ဖြင့် သက်ဝင်မှု၊ ယုံကြည်မှု လို့ ဘာသာပြန်လေ့ရှိပါတယ်။ နောက်ပြီး သဒ္ဓါ ဆိုတာက ယုံကြည်မှုတင်မကပါဘူး၊ ကိုယ်တိုင် ကျေကျေနပ်နပ် ရှင်းရှင်းလင်းလင်း သိရှိနားလည်ပြီး ဖြစ်ပေါ်လာတဲ့ စိတ်ချယုံကြည်မှုမျိုးပါ။
ရတနာသုံးပါးအပေါ်မှာ စိတ်ချယုံကြည်မှုကနေ အမှန်တကယ်သိမြင်နားလည်မှုကို ကူးပြောင်းပြီးတော့ သံသရာဝဲဂယက်ကနေ ရုန်းထွက်နိုင်ရမယ်ဒေါ်လေးရေ။ ဥပမာဆိုပါစို့ ဒေါ်လေးရယ် လက်ထဲမှာ ကျောက်မျက်ရွဲတစ်လုံးကို ၀ှက်ထားတယ်ဆိုရင် ဒေါ်လေးယုံမလား။ ကိုယ်တိုင်မမြင်ရလို့ မယုံကြည်ရတဲ့ ကိစ္စမျိုးဖြစ်နေတာပေါ့။ လက်ဝါးကို ဖြန့်ပြပြီး ကျောက်မျက်ရွဲကို ထုတ်ပြလို့ မျက်စိနဲ့ကိုယ်တိုင်မြင်ရတော့မှ အမှန်တကယ် သိမြင် နားလည်မှုဖြစ်ပါတယ်။ ဒါကြောင့်ပဲ သဒ္ဓါယ တရတိ သြဃံ (အခက်အခဲမှန်သမျှကို ယုံကြည်ချက် ဖြင့် လွန်မြောက်၏) လို့ ဗုဒ္ဓမြတ်စွာဘုရားရှင်က မိန့်ဆိုခဲ့ပါတယ်။
သြဃဆိုတာကလည်း အခက်အခဲတင်မဟုတ်ဘဲ သြဃတည်းဟူသော ပကတိရေအယဉ်သည် သတ္တ၀ါများကို လွှမ်းမိုးနှစ်မြှုပ်နှိပ်စက် သတ် ဖြတ်တတ်သကဲ့သို့ လောဘ၊ ဒိဋ္ဌိနှင့် မောဟတရားတို့သည်လည်း သတ္တ၀ါများကို လွှမ်းမိုးနှစ်မြှုပ် နှိပ်စက်သတ်ဖြတ်တတ်ကုန်၏ ။ ၀ဋ်ဒုက္ခအပါယ်လေးပါးအထိ နစ်မြုပ်အောင် လွှမ်းမိုးသတ်ဖြတ်တတ်လို့ သြဃလို့ခေါ်တာပါဒေါ်လေး။ အဲဒီတော့ ဒေါ်လေးရယ် စိမ်ရည်အိုး ထဲ၌ ကြာမြင့်စွာ စိမ်ထားသော စိမ်ရည် အရက်ကဲ့သို့ အနမတဂ္ဂသံသရာဝယ် သတ္တ၀ါတို့၏ ခန္ဓာအစဉ် တည်းဟူသော စိမ်ရည်အိုး၌ စိမ်ထားသည်ဖြစ်၍ တွေဝေယစ်မူးစေတတ်သော အာသဝေါတရား လေးပါးကိုလည်းကောင်း၊ အစေးနှင့်ကပ်၍ ယှဉ်စပ်ထားသကဲ့သို့ သတ္တ၀ါများကို ၀ဋ်ဆင်းရဲ၌ ယှဉ်စပ်ပေးသော ယောဂလေးပါးကိုလည်းကောင်း သဒ္ဓါတရားဟုဆိုအပ်သော ရတနာသုံးပါးနှင့် ကံကံ၏အကျိုးကို ယုံကြည်မှုသည် ကျော်ဖြတ်နိုင်မည်လို့ ဆိုလိုခြင်းပေါ့။ အဲဒီလောက်ထိ တာသွားပါတယ်ဗျာ။ တူမောင့်အမြင်တော့ ဒေါ်လေးနာမည်နဲ့ ဒေါ်လေးလုပ်နေတာနဲ့က သြဃထဲတ၀ဲလည်လည်တော့ ဖြစ်နေဦးမယ်ဆိုတာ မြင်ယောင်နေပါတယ်ဒေါ်လေးရေ။ နောက်ပြီးတော့ထပ်ပြောရရင် ဒေါ်လေးရေ။ အေဒီ ၄ရာစုနှစ်ဆီက ထင်ရှားခဲ့တဲ့ ဗုဒ္ဓအဘိဓမ္မာဆရာကြီး အသင်္ဂ၏ အလိုအရ သဒ္ဓါမှာ
အောက်ပါလက္ခဏာသုံးမျိုးရှိတယ်ဆိုတာ မှတ်သားရပါတယ်ဗျာ။
၁။ အကြောင်းအရာတစ်ခုသည် အဟုတ်အမှန်ရှိသည် ဖြစ်သည်ဟု ပြည့်စုံခိုင်ခံ့စွာ သိရှိနား လည်ခြင်း၊
၂။ ကောင်းသောအရည်အချင်းများတွင် ပီတိရှိခြင်း၊
၃။ ရည်မှန်းချက်ကို အောင်မြင်ရရှိလိုသော ဆန္ဒ။
ဒေါ်လေးမှာတော့ ဘယ်အရာကအဟုတ်အမှန်ဆိုတာလည်းေ၀၀ါး၊ သူများကို ပြောဖို့အတွက် ကိုယ်ကိုယ်တိုင်အရင် ဒေါသဖြစ်၊ ချစ်ခင်ကြတဲ့ တိုင်းပြည်နဲ့ ပြည်သူတွေကို ကုန်းတွေတိုက်၊ သိမ်ဖျင်းစကားတွေပြောနဲ့ ဘယ်မှာ ပီတိရှိတော့မလဲ ဒေါ်လေးရယ်။ ရည်မှန်းချက်ကို အောင်မြင်လိုတဲ့ ဆန္ဒဆိုတာက သံသရာကနေ လွတ်မြောက်လိုသော ပြင်းထန်တဲ့ ဆန္ဒပါ။ ဒေါ်လေးတော့ သံသရာမှာနေရတာ ပျော်နေမလားဗျာ။ နာမည်အဓိပ္ပါယ်နဲ့ လုပ်ဆောင်ချက်က ပြောင်းပြန်အချိုးချယူထားတာများလား ဒေါ်လေးရယ်။ ဒေါ်လေး တူမောင်တို့ဆီ ခဏခဏရေးနေတဲ့ ယုတ်သော အကြံ။ မှားသော အကျင့်နှင့် နှလုံးခြစားနေသော... မိတ်ဆွေများဆိုတော့ ဒေါ်လေးခမျာမှာ ဒေါသတွေများ ပွားနေသလား။ မှန်သောအကျင့်မရောက်ခင် အမှန်မြင်ခြင်းဆိုတဲ့ သမ္မာဒိဋ္ဌိဆိုတာကို ဒေါ်လေးကို ပြောပြရစေဦးဗျာ။
သမ္မာဒိဋ္ဌိနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာ အပဏ္ဏက ပဋိပတ်ကို ကျင့်သုံးရာကိုရောက်တယ်ဒေါ်လေး။ အပဏ္ဏဇာတ်ဆိုတာ ဒေါ်လေးရင်းရင်းနှီးနှီးသိမှာပါနော်။ သိချင်မှလည်း သိမှာပါဗျာ။ မသိလည်း မှတ်ပေါ့ဗျာ။ လှည်းသား ၅၀၀ ဇာတ်တော်လေ။ ဘွဲ့ရ ပညာတတ်တွေ ဖြစ်နေပါလျက်နဲ့ စိတ်မမှန်တဲ့ အရူးဆီမှာ ချဲဂဏန်းတောင်းသလိုဖြစ်နေတော့ ဘယ်မှာလဲ မှန်သောအယူ။ လမ်းဘေးကပြောတဲ့စကားနဲ့ပဲ လမ်းဆုံးကြရမယ်လို့ မိုးကုတ်ဆရာတော်ဘုရားကြီးတို့၊ မဟာစည်ဆရာတော်ဘုရားကြီးတို့ ခဏခဏမှာကြားခဲ့တာ ဒေါ်လေးသိနေရက်နဲ့ (တူမောင်ထင်မိတာပါ) မှန်သောအယူဆိုတာကို မေ့ပျောက်ထား တာလား။ တူမောင်ပြောတာက မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကို မပြောသေးပါဘူး ဒေါ်လေး။ သာမာန် အယူမှန်သွားအောင်ရယ်၊ ယောနိသောမနသိကာရလေး အသင့်အတင့်အမှန်အတိုင်း နှလုံးသွင်းနိုင်အောင်ပဲ တူမောင် ဆန္ဒမွန်နဲ့ တိုက်တွန်းတာပါဒေါ်လေး။
အပဏ္ဏကပဋိပတ်ဆိုတာ တကယ့်ဗုဒ္ဓဘာသာနဲ့ပြည့်စုံနေတာပါ။ ဗုဒ္ဓဘာသာလို့ ခေါ်ယူသုံးစွဲတာကလည်း နှစ်၂၀၀ ၀န်းကျင်ပဲရှိပါသေးတယ်ဒေါ်လေး။ တူတော်မောင်တို့ မြန်မာလူမျိုးများဟာ ၁၈ရာစုအတွင်းက သမ္မာဒိဋ္ဌိမြန်မာလူမျိုးများလို့ ဂုဏ်ယူဝင့်ကြွားစွာ ခေါ်ဆိုကြတာပါ။ သမ္မာဒိဋ္ဌိမမြင်ပဲနဲ့တော့ တဏှာလုံးလုံး မပယ်နိုင်ပါဘူးဒေါ်လေး။ ဒေါ်လေးသာ ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား ဘုရားစာတွေရွတ်ရွတ်၊ အော်အော် နည်းနည်းလေးမှ လောဘ၊ ဒေါသ၊ မောဟ ကင်းမှာမဟုတ်ဘူးနော်ဒေါ်လေး။ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိတွေ ပြင်းထန်စွာစွဲလာရင်တော့ ယုတ်သောအကြံ၊ မှားသောအကျင့်ဆိုတာ ကိုယ်ကိုယ့်ကိုယ် ပြောနေပါကလားရယ်လို့ ဒေါ်လေးသဘောပေါက်လောက်မယ်လို့ တူမောင် မျှော်လင့်ပါတယ်။
ဖြစ်ခြင်း၊ ပျက်ခြင်း ကြောင်းကျိုးဆက်နွယ်တာကို ဒေါ်လေးနားလည်ချင်တယ်ဆိုရင် သစ္စာတရားတွေကို တူတော်မောင် ဒေါ်လေးဆီရေးပေးပါဦးမယ်။ အတ္တအစွန်း၊ တဏှာစွန်းတွေကို ရှောင်ကြဉ်နိုင်အောင် ဒေါ်လေးကြိုးစားပါ။ ဘုရားရှင်ရဲ့တရားတွေကိုလည်း ထဲထဲဝင်ဝင်သက်ဝင်ယုံကြည်သော သဒ္ဓါတရားနဲ့ ကြည်ညိုတတ်အောင် ဒေါ်လေးကျင့်ပါဦး။ တရားမြင်မှ ဘုရားကိုမြင်မှာဖြစ်လို့ တူမောင်အကြံပေးတာပါဗျာ။
ဒါနကလည်း တစ်ခါတစ်လေ သီလကလည်း ဓမ္မတာအခြေ မညီမျှတဲ့ အရာရာတွေကို ကျင့်သိက္ခာစရိုက်စွဲကြသဖြင့် တဏှာတိုက်ပွဲ ဇရာတိုက်ပွဲ မသာတိုက်ပွဲတွေမှာ အခါခါရှုံးခဲ့ရလေသည်ဆိုတဲ့ လင်္ကာလေးလက်ဆောင်ပေးလိုက်ပါတယ် ဒေါ်လေးရယ်။နောက်ပြီးတော့ ဒေါ်လေးရေ ဒေါ်လေး စကားပြောတဲ့နေရာမှာ လိုနေသေးတယ်ထင်လို့ တူမောင်ထောက်ပြ ပါရစေဦး ။ တူမောင်တို့ လူ့လောက မှာပြောနေကြတဲ့ စကား (၆) မျိုးရှိတယ် ဒေါ်လေးရေ ။
(၁) ဟုတ်လည်းမဟုတ်၊ သူလည်းမနာလို၊ အကျိုးလည်း မရှိသောစကား။
(၂) ဟုတ်တော့ဟုတ်သည်၊ သူတစ်ပါးက မနာလို၊ အကျိုးလည်းမရှိတဲ့စကား။
(၃) ဟုတ်လည်းမဟုတ်၊ အကျိုးလည်းမရှိ၊ သူတစ်ပါး နာလိုသောစကား။
(၄) ဟုတ်တော့ဟုတ်၏၊ သူတစ်ပါးလည်း နာလို၏၊ အကျိုးမရှိသောစကား။
(၅) ဟုတ်လည်းဟုတ်၏၊ အကျိုးလည်းရှိ၏၊ သူတစ်ပါး မနာလိုသောစကား။
(၆) ဟုတ်လည်းဟုတ်သည်၊ အကျိုးလည်းရှိသည်၊ သူတစ်ပါး နာလိုသောစကား။
ဘုရား ၊ ရဟန္တာနဲ့ သူတော်ကောင်းတွေက အဲဒီ (၆) မျိုးထဲက နံပါတ် (၅) နဲ့ (၆) အမျိုးအစား စကားတွေကိုပဲပြောကြပါတယ် ။ ဒေါ်လေးက တူမောင်တို့ ရုရှာက ပညာတော်သင်တွေကို နံပါတ်(၁) အမျိုးအစား စကားမျိုးပြောပြီး ၊ တစ်ခြား ဒေါ်လေးတို့ ဘက်တော်သားတွေကိုကျတော့ နံပါတ်(၃) အမျိုးအစား စကားတွေပြောတယ် ။ အဲဒီတော့ ဒေါ်လေးပြောနေတဲ့ စကားတွေက ဘယ်ထဲကို အကျုံးသွားဝင်လည်းဆိုတော့ တိရစ္ဆာန်န ကထာမှာသွားပြီး အကျုံးဝင်နေတယ်ဒေါ်လေးရ ။
၁။ ရာဇကထာ = မင်းနှင့်ပတ်သတ်သောစကား။
(ဒီမင်းကတော့ ဘုန်းကြီးတယ်၊ သူ့ပုံစံက ဘယ်လို၊ သူ့မှာသားသမီး ဘယ်လောက် ရှိတယ် စသည်ဖြင့်) မင်းနှင့်ပတ်သတ်သောစကားကို ပြောကြတယ်ဆိုရင်ဖြင့် တိရစ္ဆာန် စကားသာ ဖြစ်ပါတော့တယ်။ သို့သော် ခြွင်းချက်အနေနဲ့ သူလဲတစ်နေ့ အိုရဦးမယ်၊ နာရ ဦးမယ် စသည်ဖြင့် နှလုံးသွင်းနိုင်ရင်တော့ တိရစ္ဆာနကထာမဖြစ်ပါဘူး။
၂။ သေနာကထာ = စစ်တပ်နှင့် ပတ်သတ်သောစကား။
ဒီစစ်တပ်က အရည်အချင်းရှိတယ်၊ ဘယ်နိုင်ငံကစစ်တပ်ကတော့ဖြင့် ဘယ်လို၊ ဖွဲ့စည်းပုံက ဘယ်လို စသည်ဖြင့် စစ်တပ်နှင့် စပ်ဆိုင်ရာစကားတွေကို အချိန်ကုန်ခံပြီး ပြောဆိုနေခြင်းကို သူတော်ကောင်း ပညာရှိများကတော့ ကဲ့ရဲ့ကြမှာပါ။ သူတော် ကောင်းများ ကဲ့ရဲ့ခြင်းဟာအင်မတန် ရှက်စရာကောင်းလှပါတယ်။
၃။ ပုဗ္ဗပေတကထာ =သေလွန်ပြီးသွားသော ဆွေမျိုးများ၏ဂုဏ်များနှင့် ဆက်စပ်သော စ ကား။
ငါ့အဖေရှိတုန်းကတော့ ငါတို့ဘယ်လိုနေရတယ် အခုတော့ မျက်နှာငယ်ရတယ်၊ ငါ့အဘိုးက သူတော်ကောင်းကြီးနော်၊ စသည်ဖြင့် သေပြီးသောဆွေမျိုးများ အကြောင်း တွေပြောနေလို့ကတော့ အချိန်ကုန် လူပန်းပြီး ဉစ္စာမရ၊ ပညာမရ၊ ကုသိုလ်တစ်စုံ တစ်ရာမရပဲ ဘ၀ရဲ့ အချိန်တွေကနှမျောစရာနဲ့ ကုန်ဆုံးသွားမှာပါပဲ။
တိရစ္ဆာန်နကထာ ၂၈ မျိုးရှိပါတယ်ဒေါ်လေး ။ ဒေါ်လေးပြောနေတဲ့ စကားတွေပေါ်မူတည်ပြီး တူမောင်က (၃) မျိုးပဲ ရွေးပြတာပါ ။ ဒေါ်လေး အသက်အရွယ်နဲ့ ဆိုရင် ဒါမျိုးတွေက သိသင့်နေပါပြီ ဒေါ်လေးရေ ။ တူမောင်လည်း ဘယ်အချိန်သေမယ်မပြောနိုင်သလို ဒေါ်လေးလဲ ဘယ်အချိန်သေမယ် မပြောနိုင်သေးပါဘူး ။ ပုံမှန်ဇယား အရဆို ဒေါ်လေးကတော်တော်နီးနေပါပြီ ။ ဒေါ်လေးအသက်အရွယ်နဲ့ ဆိုရင်
(၁) ခုလိုနာမည်တပ်လို့ မရတဲ့ ကဗျာ ဆိုတဲ့စာစု မျိုးတွေ မရေးသင့်တော့ပါဘူး ။
ဒေါ်လေးအသက် ဒေါ်လေးအရွယ်နဲ့ ဒေါ်လေးငယ်ငယ်တုန်းက သင်ခဲ့ဖူးတဲ့ မြန်မာစာ ဆရာတွေရဲ့သိက္ခာကို ထောက်ထားသောအားဖြင့် ၊ ဒေါ်လေးဖတ်ခဲ့ဖူး ( လို့ထင်ရတဲ့) တဲ့ကဗျာဆရာတွေရဲ့ ကဗျာတွေသိက္ခာကို ထောက်ထားသောအားဖြင့် ဒေါ်လေးရဲ့ရင်ထဲက ပုဂ္ဂလိက ခံစားချက်စာစုတွေကို ကဗျာဆိုတဲ့ခေါင်းစဉ်သုံး ပြီးမရေးပါနဲ့ ။
(၂) စာလုံးပေါင်းသတ်ပုံ ။
ဒေါ်လေးရဲ့ လေးဆယ်ပတ်ဝန်းကျင် လောက်ရှိတဲ့ အသက်ရဲ့ သိက္ခာ ကိုထောက်ထားပြီးတော့ ရှူမငြီး ၊ခလေး ၊ လိမ်မာ ၊ ဖြစ်သွားပါသလည်း ၊ သုံးနပ်ဖဲ ၊ ပလာနတ္တိ ၊ ခမြာ၊ အင်္ဂလိမာလ ၊ ဖြတ်မဲ့ ၊သေလိုက်မဲ့ဖြစ်ချင်း အစရှိတဲ့ စာလုံးပေါင်းတွေကို ဖြစ်သလိုမရေးပဲ ဆင်ခြင်ပေးပါဦးခင်ဗျာ ။ တော်ကြာ ဒေါ်လေးကိုမှ လေးစားချင်နေရှာတဲ့ ခြေရာခွက်ထဲကဖားလေးတွေလို ခေတ်ကာလ ကလေးတွေ ဒေါ်လေးကို အထင်သေးနေကြပါဦးမယ် ။
(၃) ဒေါ်လေးရဲ့ ဒေါသသံတွေ နဲ့ ဖုရုသ၀ါစာ တွေ ကိုဆက်မရေးသင့်တော့ပါဘူး ။
ဒေါ်လေးတို့ခေတ်မှာဆို သင်ချင်သင်ရလောက်ပါတယ် ။ တူမောင်တို့တော့ စာသိနဲ့သိခဲ့ဖူးပါတယ် ဒေါ်လေးရေ ။ ဒါရကောဝါဒ ဆိုတာပေါ့ ဒေါ်လေးတော့ မသိလောက်ပါဘူး ။ သေချာပါတယ် ။ ဒေါ်လေးရဲ့ အရေးအသားကို ကြည့်ကတည်းက ဒေါ်လေးရဲ့ ၀မ်းစာကို တူမောင်သိပါတယ် ။ သည်းခံပြီးဖတ်ပေးပါဒေါ်လေးရေ မသိလည်းပြန်မေးဗျာ ။ ပညာဆိုတာက ဘယ်သူ့ဆီက ယူယူပါ ။ အဲဒီ ဒါရကောဝါဒ မှာ ပါတဲ့တစ်ပိုဒ်ပြောပြမယ်ဒေါ်လေးရေ ။
မင်းအောက်သူငယ်
မင်းနိုင်တယ်မကျယ်လေနဲ့ကွယ် ။
ကိုယ့်အောက်ငယ်သော်မောင်ထည့်ခေါ်
ကြီးသော် ကိုထည့်ခေါ်ပါကွဲ့ ။ တဲ့ ဒေါ်လေးက တူအရွယ် သားအရွယ် လေးမို့ မေတ္တာထားတယ် ဆိုပြီး ခေါ်တော့ OppositeEye ကို စွေစောင်းတဲ့ ။ ဒေါ်လေးထားတဲ့ မေတ္တာက ဘယ်လိုမေတ္တာမျိုးများပါလိမ့် ။ နောက်တစ်ခုက ၀မ်းရေစပ် တို့ ဆင့်ဟိုသင်း ခွေးမျှော် တို့ပေါ့ ။ဒေါ်လေးအသက်အရွယ် ၊ မြန်မာအမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်လေးအနေနဲ့ အခုလိုစကားမျိုးပြောထွက်လိမ့်မယ်လို့ တူမောင်မမျှော်လင့်မိပါဘူးဗျာ ။
ဒေါ်လေးမဖတ်ဖူးမှန်း သိပေမယ့်ရေးပြလိုက်ပါဦးမယ်ဗျာ မာဃဒေဝလင်္ကာ (၁၉၇) မှာ
ကိုယ့်အောက်တန်းတူ ၊ အထက်သူဟု ၊
မှတ်ယူမြဲသို ၊ သုံးပုဂ္ဂိုလ်တွင် အောက်ကိုသနား ၊
တန်းတူအားမူ မြှောက်စားအမျှ ၊မယုတ်ချနှင့်
ထက်ကသူမှာ ၊ ရိုသေရာ၏ ။ လို့ရေးထားတယ်ဗျ ။ ပြောလည်းဒေါ်လေးက မသိပါဘူး ။ ကျွန်တော်တို့ မြန်မာဆိုရိုးတစ်ခုရှိတယ်ဗျ ၊ ကိုယ်ကြမ်းတော့ အဖ ၊ နှုတ်ကြမ်းတော့ အမိ တဲ့ ။ ဒေါ်လေးခုလို ဖုရုသ၀ါစာတွေ ပြောနေတာကြတော့... ။ အင်း ။ ထားပါတော့ဒေါ်လေးရယ် ။
သူငယ်ချင်းရယ်လို့ အစချီပြီး ရေးထားတဲ့ စာစုမှာလဲ ဒေါ်လေးက စေတနာနဲ့ ကိုယ်ချင်းစာတယ်သာပြော ထားတယ် ရေးထားတာက အပုပ်ချယုံသက်သက်ပဲဆိုတာ တော်ယုံ (မျက်ကန်း စာမတတ်သူကလွဲရင် ) လူသိပါတယ် ။ ဒေါ်လေးက OppositeEyeကို ဓာတ်ပုံပါတင်ပြီး သိက္ခာချရေးထားတယ် ။ တူမောင်ပြောခဲ့တဲ့ ဒေါ်လေးရဲ့ နာမည်အဓိပ္ပါယ်နဲ့ ဒေါ်လေးပြောနေတဲ့ စကားတွေနဲ့ လုံးဝ (လုံးဝ) မှမသက်ဆိုင်တဲ့ စာစုတွေပါ။
ကဲဒေါ်လေးရေ စာလည်းအတော်ရှည်သွားပြီ ॥ နောက်မှပဲဆက်ရေးတော့မယ်ဗျာ ထုံးစံအတိုင်း ဒေါ်လေးမသိတဲ့ နိုင်ငံခြားကဗျာဆရာတစ်ယောက်ရေးတဲ့စာသားလေး လက်ဆောင်ပေးလိုက်ပါမယ် ။ တူမောင့်မှာ ရေးသာ ရေးရတယ် တူမောင်ပြောမိနေတဲ့ စကားလုံးတွေကိုတော့ အတော်လေး အားနာတယ်ဗျ ။ ဒေါ်လေးက တူမောင်ပြောတာတွေ မသိလေတော့ စကားလုံးတွေက ဒေါ်လေးမနိုင်မှာလည်း စိုးရသေးတယ်ဗျ ။ ဥပမာပေးရရင် သောက်ရေခွက်ထဲကို ရေပုံးနဲ့လောင်းချလိုက်သလို ဒေါ်လေးအတွက်မနိုင်ဝန်တွေ ဖြစ်ပြီးတော့ အပြင်ကိုလျှံကျ ကုန်မလားပဲဗျာ ။ ဘာပဲပြောပြောဒေါ်လေးရယ် ၊ ဒေါ်လေးလဲ တူမောင့်ဆီက ပြန်စာဖတ်ရတော့ ဗဟုသုတ တိုးတာပေါ့ဗျာ ။ ကဲ... အဆုံးသတ်ပြီဒေါ်လေးရေ ဂျာမန်ကဗျာဆရာ ရှီလာ ရဲ့ (Schiller ) စကားလေးလက်ဆောင်ထပ်ပေးလိုက်ပါတယ်ဗျာ …
ဖြူစင်သော စိတ်ထားသည် ကောင်းမွန်မြင့်မြတ်သော အကျိုးရလာဒ်၏ အကြောင်းရင်းဖြစ်၏ ။
မည်သည့်ကိစ္စ၌ မဆိုအကြီးမားဆုံးနှင့် အမြင့်မြတ်ဆုံး ပြီးမြောက်အောင်မြင်မှုတိုင်းသည် ဖြူစင်သော စိတ်ထားမှ ဆင်းသက်လာသည်သာဖြစ်၏ ။
ယုတ်ညံ့သော စိတ်ထားသည် အတိတ်ကိုပူဆွေးနောင်တရစေပြီး အနာဂတ်ကို ခြောက်လှန့်လျက်ရှိ၏ ။ ယင်းသို့သော စိတ်ထားသည်ဘဝ၏သာယာကြည်နူးမှု့ကို စိုးစဉ်မျှပေးစွမ်းနိုင်စွမ်း မရှိပေ ။
အဆင်ပြေပါစေဒေါ်လေးရေ…
တူမောင် ( ရုရှားပညာတော်သင် )
အပြည့်အစုံသို့...
အကျဉ်းမျှသာ...